ပြုံးပါ၊ ရယ်ပါ၊ ကျန်းမာမှာ
‘ရယ်မောခြင်းသည် အသက်ရှည်၏’ ဆိုတဲ့ ဆောင်ပုဒ်ကို ငယ်ငယ်တုန်းက မကြာခဏ ကြားဖူး၊ နားယဉ်နေလိမ့်မယ်လို့ ထင်ပါတယ်။ လူတစ်ယောက် ပြုံးရယ်လိုက်တဲ့အခါ ကိုယ့်စိတ်ထဲမှာပါ ပေါ့ပါးလန်းဆန်းသွားပြီး နေရတာ သက်သောင့်သက်သာဖြစ်သွားတဲ့အပြင် ကိုယ်နဲ့ဆက်ဆံနေရတဲ့ အနီးပတ်ဝန်းကျင်က လူတွေကိုပါ အပျော်တွေ ကူးစက်စေနိုင်ပါတယ်။
ဒါဆို တကယ်ပဲ ပြုံးရယ်ခြင်းက ကျန်းမာရေးအတွက် အကျိုးဖြစ်ရဲ့လား?
ရယ်မောခြင်းက ကျန်းမာရေးအတွက် မတူညီတဲ့ရှုထောင့်တွေကနေ အကျိုးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောပြရမယ်ဆိုရင် -
၁။ ရယ်မောလိုက်တဲ့အခါ စိတ်ကိုပျော်ရွှင်စေပြီး ကိုယ့်ဘဝကို ပိုတန်ဖိုးထားတတ်လာစေတယ်။ ဒီအတွက် ကိုယ့်ကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်ရင်း အသက်ရှည်ရှည်နေထိုင်ရဖို့ကို ပိုမိုအားထုတ်လာပါတယ်။
၂။ ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေရုံသာမက ခန္ဓာကိုယ်ထဲက Cortisol လို့ ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကိုပါ လျော့နည်းစေပါတယ်။ ဒီလိုမကောင်းတဲ့ ဟော်မုန်းတွေနည်းလာတာနဲ့အမျှ လူကိုပိုကျန်းမာစေသလို အားအင်ပိုမိုထုတ်လုပ်ပေးနိုင်ပါတယ်။
၃။ စိတ်ဖိစီးမှုတွေ နည်းလာတာနဲ့အမျှ သူ့နေရာမှာ ပျော်ရွှင်ခြင်းတွေက အစားထိုး ဝင်ရောက်လာပါတယ်။ ပျော်ရွှင်နေတယ်ဆိုတဲ့ ခံစားချက်ဟာ ကိုယ်ခံအားကို ပိုကောင်းလာစေသလို ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ထုတ်နိုင်စွမ်းအပြင် ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်နိုင်ရည်ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။
၄။ ပြုံးရယ်ခြင်းဟာ သွေးဖိအားကို ကျစေပြီး နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာ၊ အသက်ရှူမြန်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ Endorphins လို့ခေါ်တဲ့ ပျော်ရွှင်ခြင်းဟော်မုန်းတွေ ပိုထွက်လာတာနဲ့အမျှ နာကျင်မှုဝေဒနာနဲ့ ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်သလို တင်းမာနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့စေပါတယ်။
၅။ အမြဲပျော်ရွှင်နေတဲ့၊ စိတ်ဖိစီးမှုနည်းတဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ပိုချစ်ခင်တန်ဖိုးထားတတ်သလို ကိုယ့်ဘဝမှာလည်း အဖက်ဖက်က အောင်မြင်မှုရအောင် ပိုကြိုးစားနိုင်ကြပါတယ်။ ဒီလိုမျိုး အေးချမ်းနေတဲ့ ဘဝမှာ ကိုယ့်ကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်ဖို့ ကြိုးစားတတ်ကြတာ သဘာဝပါပဲ။
ဒါပေမယ့် အခက်အခဲ၊ လောကဓံပေါင်းစုံ ပြည့်နှက်နေတဲ့ လူ့လောကကြီးမှာ အမြဲလိုလို ပျော်ရွှင်နေနိုင်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ဒီအတွက် ဝင်လာနိုင်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့က အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ကူညီပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုလျှော့ချဖို့ဆိုရင် -
- ပြဿနာကို ပုံကြီးမချဲ့ဘဲ အရင်ဆုံးဖြေရှင်းရပါမယ်၊
- ကိုယ့်မှာရှိနေတဲ့၊ ပိုင်ဆိုင်နေတဲ့အရာတွေကို တန်ဖိုးထားပေးပါ၊
- အမြဲတမ်းမဖြစ်နိုင်ရင်တောင် အကောင်းဘက်က တွေးမြင်တတ်တဲ့ အကျင့်ကို မွေးပေးပါ၊
- တစ်နေ့တာကို အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ စတင်ပါ၊
- ခွင့်လွှတ်သင့်တာ ခွင့်လွှတ်ပါ၊ မေ့သင့်တာကို မေ့ပစ်ပါ၊
- ချစ်ရသူတွေ၊ မိသားစုတွေနဲ့ အချိန်ပိုကုန်ဆုံးပေးပါ၊
- ကိုယ့်ပျော်ရွှင်မှု၊ ဖြစ်တည်မှု၊ ကျန်းမာရေးကို ဂရုစိုက်ပေးဖို့လည်း မမေ့ပါနဲ့။
ဒီအချက်တွေက ရိုးရှင်းလွန်းတယ်လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်၊ ဒါပေမယ့် ဒီအချက်တွေကို တကယ်တမ်း လိုက်နာနိုင်ဖို့ဆိုတာကတော့ အကျင့်တစ်ခုလိုပဲ ဖြည်းဖြည်းချင်း လေ့ကျင့်ပေးသွားမှပဲ ဖြစ်မှာပါ။ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝဆိုတာ တကယ်တော့ အလှမ်းဝေးတဲ့အိပ်မက်တစ်ခု မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကို ပြင်လို့မရတဲ့အခါ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်းနဲ့ပဲ နေထိုင်တာ ပိုသင့်တော်မှာပါ။
ရဲမျိုးမြတ်